ကျွန်ုပ်တို့သည် အသက်ကြီးလာသည်နှင့်အမျှ မျက်စိနှင့် ပတ်သက်သော ရောဂါလက္ခဏာများကို ခံစားလာရ တတ်ပါသည်။ အချို့သော မျက်စိရောဂါများမှာ နေထိုင်မှုပုံစံ ပြောင်းလဲရုံနှင့် သက်သာပျောက် ကင်းသွားတတ်သော်လည်း အချို့မှာမူ ပုံမှန် စမ်းသပ်စစ်ဆေးကုသမှုများ ပြုလုပ်ရန် လိုအပ်တတ်ပါသည်။ မျက်စိကို ပုံမှန် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိနိုင်ပြီး လိုအပ်သော ကုသမှုများကို ခံယူနိုင်မည်ဖြစ်ပေသည်။

အဖြစ်များသော မျက်စိရောဂါလက္ခဏာများ

အဖြစ်များသော ရောဂါလက္ခဏာများတွင် အချို့မျက်စိရောဂါများမှာ လူသားတိုင်းနေ့စဉ် လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းဆောင်တာများကို အဆင်မပြေမှုများဖြစ်စေတတ်ပြီး အချို့မှာ ဆိုးရွားသော မျက်စိရာဂါများ၏ အစပျိုးလက္ခဏာများ ဖြစ်တတ်ပေသည်။

  • အသက်အရွယ်ကြီးရင့်လာမှုကြောင့်အနီးမှုန်ခြင်း

    လူသားတိုင်း အသက်အရွယ်ရလာသည် နှင့်အမျှကြုံတွေ့လာရမည့် ပုံမှန်ဖြစ်စဉ် ဖြစ်ပါသည်။ လူသားတိုင်း အသက် (၄၀-၅၀)နှစ် ၀န်းကျင်ရောက် လာလျှင် စာကြည့်မျက်မှန် လိုလာတတ်ပါသည်။ အကယ်၍စာကြည့်မျက်မှန်ကို အသုံးပြုခြင်း မရှိပါက ခေါင်းကိုက်ခြင်း၊ မျက်ရိုးကိုက်ခြင်းနှင့် မျက်စိညောင်းခြင်း စသည့် လက္ခဏာများ ခံစားလာရတတ်ပါသည်။

  • မျက်ရည်ကျခြင်း  

    မျက်စိခြောက်သော ရောဂါ(Dry Eye) ရှိသူများတွင် အဖြစ်များတတ်ပါသည်။ ခန္ဓာကိုယ်မှ တုံ့ပြန်မှုဖြစ်စဉ်ကြောင့် လိုအပ်သည်ထက်ပို၍ မျက်ရည်များထွက်ခြင်း ဖြစ်သည်။ ပုံမှန်ထက်ပို၍ မျက်ရည်များထွက်ခြင်း အပြင်မျက်စိယားခြင်း၊ နီခြင်း၊ ပူခြင်းစသည့် လက္ခဏာများပါ ခံစားရတတ်ပါသည်။ (Dry Eye) ရောဂါရှိသူများသည် မျက်ရည်တုမျက်စဉ်းများ ပုံမှန် အသုံးပြု ခြင်းဖြင့် ရောဂါ လက္ခဏာများ သက်သာလာတတ်ပါသည်။ မျက်စဉ်းဆေးဖြင့် မသက်သာလျှင် အခြားသော သောက်ဆေးများ ၊ ကုထုံးများဖြင့် ကုသနိုင်ပါသည်။

    ထို့အပြင် မျက်ရည်ကျခြင်းသည် မျက်စိနာခြင်း (သို့မဟုတ်) မျက်ရည်လမ်းကြောင်း ပိတ်ခြင်း စသည့်အခြေအနေများတွင်လည်း ဖြစ်တတ်ပါသည်။ မျက်စိဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် ကုသခြင်းဖြင့် မျက်ရည်ကျခြင်း၏ အဓိကအကြောင်းအရင်းကို သိရှိနိုင်ပြီး ကုသမှုခံယူနိုင်ပါသည်။

  • အမြင်ဝါးခြင်းနှင့်အလင်းရောင်နည်းသောအခြေအနေများတွင် အမြင်အားနည်းခြင်း 

    အထက်ဖော်ပြပါ ရောဂါ လက္ခဏာများမှာ အတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါနှင့် အမြင်လွှာဆွေးသည့်ရောဂါများတွင် ဖြစ်ပွားတတ်ပါသည်။ ဆီးချို၊ သွေးချိုရောဂါ ရှိသူများတွင် အမြင်ဝါးလာပါက မျက်စိ ဆရာဝန်နှင့် အမြန်ဆုံးဆွေးနွေး တိုင်ပင်ကုသသင့်ပါသည်။

  • အမှုန်အပြောက်များမြင်ခြင်း

    တခါတရံတွင် အမှုန်အစက်များ၊ ပင့်ကူမျှင်ကဲ့သို့အမျှင်များ စသည့် အရာများကို မြင်ကွင်းထဲတွင် မြင်ရတတ်ပါသည်။ ထိုသို့ဖြစ်ခြင်းမှာ အသက်အရွယ်ကြီးလာခြင်းကြောင့် မျက်စိအတွင်းရှိ ဂျယ်လီများ အရည်ပျော်လာခြင်းကြောင့် ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ အမှုန်အစက် အပြောက်များမြင်ခြင်းသည် အမြင်လွှာပြဲခြင်း (သို့မဟုတ်) အမြင်လွှာကွာခြင်း စသည့်ရောဂါများ၏ ရောဂါလက္ခဏာများလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် အမှုန်အစက်အပြောက်များ ရုတ်တရက်မြင်ခြင်းနှင့် လျှပ်စီးလက်သကဲ့သို့ အလင်းတန်းများ မြင်ပါက မျက်စိဆရာဝန်နှင့် လျှင်မြန်စွာ ပြသပြီး ကုသမှုခံယူ သင့်ပါသည်။

အသက်အရွယ်ကြီးရင့်လာပါက အဖြစ်များသော ရောဂါများ

အသက်အရွယ်ကြီးရင့်လာပါက အချို့သောမျက်စိရောဂါလက္ခဏာများ ဖြစ်လာတတ်ပါသည်။ အချို့သော ရောဂါများမှာ အမြင်ကွယ်သည်အထိ ဖြစ်တတ်ပါသည်။ ရောဂါအများစုမှာ ရောဂါ လက္ခဏာ အနည်းငယ်ပြခြင်း (သို့မဟုတ်) ရောဂါလက္ခဏာလုံးဝမပြခြင်း တို့ဖြစ်တတ်ပါသည်။ ထို့ကြောင့် မျက်စိရောဂါဆရာဝန်နှင့် ပြသပြီး ပုံမှန်စစ်ဆေးမှသာလျှင် ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိပြီး ကုသမှုခံယူနိုင်မည် ဖြစ်ပါသည်။

  • အတွင်းတိမ်
  • ရေတိမ်
  • အမှုန်အစက်အပြောက်များမြင်ခြင်း၊ လျှပ်စီးလက်သကဲ့သို့ အလင်းတန်းများမြင်ခြင်း  
  • အမြင်လွှာပြဲခြင်း၊ အမြင်လွှာကွာခြင်း  
  • အသက်ကြီးသော ကြောင့် အမြင်လွှာဆွေးခြင်း   
  • ဆီးချိုကြောင့်ဖြစ်သော မျက်စိအမြင်လွှာရောဂါများ  
  • သွေးကြောပိတ်ခြင်း 
Open chat